တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်နေပါလျက်နဲ့ ဘာလို့ အဖြူဆင်းနေသေးတာလဲ
အဖြူဆင်းတယ်ဆိုတာ မိန်းမကိုယ်မှိုစွဲရောဂါ (Vaginal Yeast Infection) ရဲ့ နောက်ဆက်တွဲလက္ခဏာတစ်ခုပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတဲ့ အမျိုးသမီးအများစုမှာ မှိုစွဲပြဿနာတွေ ဖြစ်တတ်တယ်ဆိုပေမယ့် တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် မိန်းမကိုယ်မှိုစွဲခြင်းဟာ ယာယီနဲ့ နာတာရှည် နှစ်မျိုးလုံးဖြစ်နိုင်သလို၊ ပျောက်သွားရင်လည်း ထပ်ဖြစ်နိုင်တဲ့အတွက် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။
ဒါဆို ဘာကြောင့် အမြဲမပြတ်အဖြူဆင်းနေရတာလဲ
အဖြူဆင်းတယ်ဆိုတာ Candida လို့ခေါ်တဲ့ အရေပြားမှိုပိုးတွေ အဆမတန်ပွားများတာကြောင့် ဖြစ်ရတာပါ။ ဒီမှိုပိုးဟာ လူ့ခန္ဓာကိုယ်အရေပြားပေါ်မှာ သဘာဝအတိုင်းရှိတတ်တဲ့ ပိုးတစ်မျိုးဖြစ်ပြီး Balance မညီမျှတဲ့အခါ လိုတာထက်ပိုများသွားတတ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်းဟာ မိန်းမကိုယ်မှိုစွဲခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပြီး တခြားအကြောင်းရင်းတွေအနေနဲ့
၁။ သန့်ရှင်းတဲ့နည်းလမ်း မှားယွင်းခြင်း
ပုံမှန်အားဖြင့် အမျိုးသမီးတွေ သူတို့ရဲ့မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့ကနေ အနောက်ကို ပွတ်တိုက်ဆေးကြောရတာဖြစ်ပါတယ်။ ပြောင်းပြန်အနေနဲ့ အနောက်ကနေ အရှေ့ကို သန့်ရှင်းရေးလုပ်တဲ့အခါ စအိုမှာရှိတဲ့ပိုးမွှားတွေကို မိန်းမကိုယ်ဆီ တွန်းပို့လိုက်သလိုဖြစ်ပြီး မှိုပိုးတွေ ပွားလာနိုင်ပါတယ်။
၂။ အပျော်အပါးလိုက်စားမှုများခြင်း
မိန်းမကိုယ်မှိုစွဲခြင်းဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါထဲမှာ မပါဝင်ပေမဲ့ လိင်ဆက်ဆံဖော်များတဲ့အခါ
- Oral Sex - ပါးစပ်မှာရှိတဲ့ ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ်ထဲ ဝင်သွားခြင်း၊ မိန်းမကိုယ်က မှိုပိုးဟာ ဆက်ဆံဖော်အမျိုးသားရဲ့ ပါးစပ်ထဲ ဝင်သွားခြင်း
- Vaginal Sex - အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေ မိန်းမကိုယ်မှိုပိုးတွေဟာ ဆက်ဆံဖော်အမျိုးသားဆီကို ကူးသွားခြင်း၊ လိင်တံပေါ်က ပိုးတွေဟာ မိန်းမကိုယ်ထဲ ဝင်ခြင်း
- Anal Sex - စအိုနဲ့ထိုးသွင်းဆက်ဆံပြီးနောက် မိန်းမကိုယ်ထဲ ပြန်ပြီးထိုးသွင်းဆက်ဆံတော့မယ်ဆိုရင် စအိုကရောဂါပိုးတွေဟာ မိန်းမကိုယ်ထဲ ဝင်သွားနိုင်ပါတယ်။
လိင်ဆက်ဆံပြီးနောက်မှာ သန့်ရှင်းရေးသေချာမလုပ်ဘူးဆိုရင်လည်း မှိုပိုးတွေ ပွားနိုင်ခြေ အလွန်များပါတယ်။
၃။ ပူနွေးစိုစွတ်ခြင်း
မှိုပိုးနဲ့ တခြားသောရောဂါပိုးတွေဟာ ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ကောင်းစွာအသက်ရှင်ပြီး ပေါက်ဖွားနိုင်ကြပါတယ်။ မိန်းမကိုယ်ပတ်လည်ဟာ အတွင်းခံ၊ ဘောင်းဘီနဲ့ အနီးကပ်ထိတွေ့နေရသလို ချွေးအရမ်းအောင်းတာကြောင့် မှိုပိုးတွေ ပွားဖို့ အလွန်လွယ်ကူပါတယ်။
၄။ ကိုယ်ဝန်ဆောင်နေခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပုံမှန်အမျိုးသမီးတွေထက် ဟော်မုန်းမျှခြေပျက်ယွင်းမှု ပိုဖြစ်နိုင်တဲ့အတွက် မိန်းမကိုယ်မှိုစွဲပြဿနာတွေ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလိုပဲ၊ ရာသီလာနေတာ၊ သွေးဆုံးနေတာ၊ တားဆေးသောက်နေရတာ၊ ဟော်မုန်းအစားထိုးကုသမှုခံယူနေရတဲ့ အမျိုးသမီးတွေမှာလည်း ဟော်မုန်းမျှခြေ ပျက်ယွင်းပြီး မိန်းမကိုယ်ဘက်တီးရီးယားတွေ အဆမတန် ပွားလာနိုင်ပါတယ်။
အကယ်လို့ သင်ဟာ တစ်နှစ်ကို (၄) ကြိမ်ထက်မနည်း မိန်းမကိုယ်မှိုစွဲ၊ အဖြူဆင်းပြဿနာကို ကြုံနေရတယ်ဆိုရင်တော့ ဒါကို Recurring Yeast Infection လို့ သတ်မှတ်ပြီး ဆရာဝန်နဲ့ ပုံမှန်ပြသဖို့ လိုအပ်နိုင်ပါတယ်။ ဆရာဝန်အနေနဲ့ ကုသမှုနည်းလမ်းတွေဖြစ်တဲ့
- ရေရှည်မိန်းမကိုယ်ကုထုံး (ပုံမှန်အားဖြင့် ၆ ပတ်လောက်ထိ ကြာနိုင်ပါတယ်)
- မှိုပိုးသတ်ဆေးကို တစ်ရက်မှာ ၂ - ၃ ခွက်စာ ပိုပေးတတ်ခြင်း
- မိန်းမကိုယ်အတွင်း ဆေးတောင့်ထိုးသွင်းခြင်းကုထုံးတွေကို အကြံပေးပါလိမ့်မယ်။
မကြာခဏ အဖြူဆင်းတတ်တဲ့ အမျိုးသမီးတွေအနေနဲ့ ဒီပြဿနာဖြစ်နိုင်ခြေကို လျှော့ဖို့အတွက်
- တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ။
- ကြပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်တာမျိုး ရှောင်ကြဉ်ပါ။
- အမွှေးရနံ့နဲ့ Chemical ပါတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ရှောင်ပါ။
- အစာအာဟာရကို ဂရုစိုက်ပါ။
- ရေပုံမှန်ချိုးပေးပြီး ချွေးစိုနေတဲ့ အဝတ်အစားတွေကို ကြာရှည်စွာ ဝတ်ဆင်ခြင်းမျိုး မလုပ်ပါနဲ့။
- မိန်းမကိုယ်ကို တတ်နိုင်သလောက် ခြောက်သွေ့နေအောင် ထားပေးပါ။
ရဲမျိုးမြတ်